(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

တမ်းတခြင်း၏ အပိုင်းအစများ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

တိုးတက်ခြင်းဆိုတဲ့ စကားက
အသိတရားကို တံခါး ခေါက်တော့
ကျွန်တော်ရဲ့ နံနက်ခင်းအောက်မှာ
ကြက်တွန်သံတွေ ပျောက်ခဲ့တယ်။

နေမ၀င်ခင် မီးတွေလင်းတော့
ညနေခင်းကလည်း  အကျဉ်းတန်
ကျေးငှက်တို့ အိပ်တန်းအပြန်ကို
ကျွန်တော် မမြင်ရပြန်ဘူး အမေ။

ချမ်းတဲ့အခါ ခြုံရအောင်
နွေခေါင်ခေါင်မှာ ဂွမ်းတွေဖတ်
''မမ''ခတ်ပေးတဲ့ ဖျင်စောင်
အခု သားကိုလှောင်နေတယ်။

မြေနံ့သင်းသင်း နဲ့
လေညှင်းကို ရှူရှိုက်
စပါးခင်း တစ်ဝိုက်က
ရွာရဲ့ စရိုက်ကို လွမ်းတယ်။
 
အမေ သိရဲ့လား...
ရွက်ဖျားမှာ နှင်း တွေသီးရင်
အဖေ တီးတဲ့ မယ်ဒလင် အောက်မှာ
သား သီချင်းတစ်ပုဒ်လောက်  ဆိုချင်တယ်။


8 မှတ်ချက်:

  1. နွေတေးရှင် (မင်းဧရာ) Says:

    စာလုံးပေါင်းလေးများ မှားနေရင် ပြင်ပေးခဲ့စေချင်တယ်ဗျာ။

  1. သူကြီးမင်း (တုံးဖလား) Says:

    လွမ်းစရာတွေချည်းပါလား မောင်ဧရာရယ်။
    အလွမ်းဓါတ်ခံ အတော်လေး ရှိပုံရတယ်။

  1. ကိုရင် Says:

    အချိန်ရှိတုန်းလေး လွမ်းရတာ အားထုတ်ပြီးသာလွမ်း.. :D

  1. မဒမ်ကိုး Says:

    လွမ်းပါတယ်ဆိုမှ သူတို့ဘဲပြောနေကြတော့တာဘဲး(

  1. ကိုတူး Says:

    ဒို့လည်းလွမ်းတယ်.. ဖုန်တထောင်းထောင်းနဲ့ ဇာတိမြေကို။

  1. Candy Says:

    ကောင်းလိုက်တာ အစ်ကိုရာ နောက်ဆုံးအပိုဒ်လေး အကြိုက်ဆုံးပဲ :D

  1. Unknown Says:

    လွမ်းသင့်ပါပေတယ်
    လွမ်းစေသတည်း လွမ်းစေသတည်း..
    အနော်လည်း.ကြားချောင်ညှပ်၍ အချောင်းလိုက်
    လွမ်းမိပါသေး၏..
    ခင်မင်လေးစားလျှက်
    (ဒုတိယ)

  1. ဆူးသစ် Says:

    တကယ်ခံစားရရင် အနုပညာဖန်တီးမှုက အားကောင်းလာလိုက်တာ။ ဒီကဗျာက သက်သေပါညီလေးရေ။ အကျည်းတန်တယ်လို့ သုံးပါတယ်။ အကျဉ်း ဆိုတာ အကျဉ်းချခံရတာတို့၊ အကျဉ်းစခန်းတို့မှာ သုံးတာပါ။