(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

နှောင်းတမြည့်မြည့်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

လေရူးအသော့    မြူးဆော့တစ်ခါ
ဟိုမှာတစ်ရွက်    ဒီတစ်ရွက်နှင်
ရှစ်ခွင်မြူဆိုင်း   ထင်တိုင်းလွမ်းတော့
မှိုင်းဖျော့စွတ်စို   မျက်ဝန်းညိုသည်
သွေဖည်မရုန်း    ခပ်နုံးနုံးပင်
     ဟိုအတိတ်ကိုနှင်မိ၏။

မချိတင်ကဲ      သံကုန်ချွဲသီ
ကြားစေရည်ငြား   ရိုးဖျားတစ်ဖက်
ပင်အိုထက်တွင်   ရှိုက်ငင်ငိုကြွေး
ဖေါ်ဝေးတစ်ကိုယ်   ဥသြပျိုသည်
ဆင့်ဆိုမြည်တမ်း   ပင့်သက်နွမ်းကို
          ငါ့လို သူလည်း
တစ်ကိုယ်တည်းသာ ဖြေရော့မည်။

ရော်ရည်မှန်းဆ   ဟိုတုန်းကများ
မြသားအသွေ့    လေအဝေ့တွင်
ပျော်ဝင်မိန်းမူး   ကိုယ်တိုင်ခူး၍
ပွင့်ဦးကိုဆင်  ပိတောက်ပင်သည်
နွေနေခြည်အောက် ပန်သူပျောက်၍
နွမ်းခြောက်တစ်ခါ ထိုမြေလွှာဝယ်
 ရနံ့ပြယ်ရှာပေရော့မည်။

နှောင်းတမြည့်မြည့်   စောင်းရွေ့ရှာပြီ
ဒီရာသီဦး  ပိတောက်ဖူးကို
သီခူးခွင့်နည်း  ဆင်ခွင့်လွဲလို့
လွင့်ဝဲတစ်ခေါက်  စည်းကိုဖေါက်၍
       လျှောက်ခဲ့လည်ပြန်
ပန်းကြွေကောက်ခါပြန်ခဲ့သည်။


19 မှတ်ချက်:

  1. ပဥာက် Says:

    အစိမ်းသက်သက်ရပ်ဝန်းလေး( ..)ထဲမှာ နွေတေးရှင်ဟာ ကျနော်အနှစ်သက်ဆုံး..ကဗျာဆရာတစ်ယောက်ပါပဲ..။
    အဓိပ္ပာယ်ပေါင်းမြောက်များစွာခြုံလွှမ်း..
    ရိုးပြီးတော့ဆန်း..ဆန်းပြီးတော့ရိုး..ရိုးရိုးဆန်းဆန်း
    စကားလုံးတွေ တန်ဆာဆင်..နွေရဲ့တေးရှင်ဥသြသခင်
    ပင်လွမ်းလောက်၏ ။ နွေပူပူနေပူပူလေပူပူမှာ
    ရေအေးတချိုက် သောက်ရသလို ရင်မှာအေးပါ၏။

  1. မိုးနတ်ကြယ်စင် Says:

    အိုးးးးးးးးးးးးးး
    မြန်မာကဗျာ စစ်စစ်လှလှလေးက
    ချစ်စရာ လွမ်းမောစရာ....ရေးလဲရေးတတ်ပါပေ့
    အကိုရေ.....အကို့ဆီလာတိုင်း မြန်မာကဗျာစစ်စစ်
    လေးတွေဖတ်ရတာ ဘ၀င်အေးရပါဘိတော့ :)))
    ဒီတစ်ခါတော့ စာလုံးပေါင်း ပြင်ပေးဖို့ပြောတော့ဘူးလား..:P
    ညလေးပြင်ပေးခဲ့တယ်နော်...:)

    လေရူးအသော့ မြူးဆော့တစ်ခါ ...ဆိုရင်ပိုပြီး
    မှန်မယ်ထင်တယ် အကိုတော်ရေ..
    ဂွတ်နိုက်ထ် :)))

  1. သူကြီးမင်း (တုံးဖလား) Says:

    ပန်းကြွေကောက်ခါပြန်ခဲ့သည်။

    ဘယ့်နှယ်လုပ်.. ပန်းကြွေကောက်ပြီး ပြန်လာခဲ့ရတာလဲ မောင်မင်းဧရာ။ အပင်ပေါ်တက်ခူးပစ်လိုက်ရမှာ။း)

    ဒီလို အနုကဗျာလေးတွေ များများ သီကျူးပေးပါ။
    ဒါမှ လူလဲ ဒီထက် ပိုနုလာမှာ။း)

  1. စံပယ်ချို Says:

    ခေါင်းစဉ်ကြည့်ပြီး မေမေတို့ပြောပြဖူးတဲ့ရုပ်ရှင်ထင်နေတာ
    ယောက်ခမကတော့ ထင်လိုက်ရင်တလွှဲပဲလေ
    လာဖတ်ကြည့်လိုက်မှ မြန်မာ ကဗျာစစ်စစ်လေးကိုခံစားရတယ်

  1. နွေတေးရှင် (မင်းဧရာ) Says:

    ပြင်လိုက်ပြီ မိုးနတ်ကြယ်စင် ရေ....
    ကျေးဇူးပါဗျာ။

    တက်မခူးဝံပါဘူး သူကြီးရာ ပြုတ်များကျရင် အခက်ဗျ ကျွင်းကနက်ပါဘိသနဲ့း))။

  1. ညောင်ညိုရိပ် Says:

    အိမ်း...ဘာပြောရမှန်းကို မသိတော့ဘူး..။အရသာရှိထှာကွာ
    ပြောင်မြောက်လိုက်လေ ဧရာကြီးရယ်..။

  1. ဘုန်းတောက် Says:

    ကြွေနေတဲ့ ပိတောက်ဖူးကို ကောက်ပြီးပြန်သွားတဲ့ ဒကာတော် နွေတေးရှင်ကို တွေ့လိုက်ရတယ်။ (ပိတောက်ပင်ပေါ်မှ တိတ်တိတ်လေး ကြည့်သည်)

  1. Angelhlaing(May everybody be happy and healthy! Says:

    နှောင်းတမြည့်မြည့်   စောင်းရွေ့ရှာပြီ
    ဒီရာသီဦး  ပိတောက်ဖူးကို
    သီခူးခွင့်နည်း  ဆင်ခွင့်လွဲလို့
    လွင့်ဝဲတစ်ခေါက်  စည်းကိုဖေါက်၍
           လျှောက်ခဲ့လည်ပြန်
    ပန်းကြွေကောက်ခါပြန်ခဲ့သည်

    ရင်ကို နင့်စေလို့ပါပဲလား မောင်လေးရေ.....

  1. ညိမ်းနိုင် Says:

    ပန်းကြွေကောက်ခါပြန်ခဲ့သည်...တဲ့လား.....အင်း...
    သခွပ်ပွင့်ကြွေတွေပဲနေမယ်....၊ရေနွေးဖျောပြီး ငပိရည်
    နဲ့တို့စားဖို့......ခိခိခိခိခိ

    ကိုယ်စားချင်တာတွေးပြီးပြောသွားတယ် ကမင်းဧရာ.....၊
    ကဗျာလေးလှတာကိုတော့ချီးမွန်းခန်းမဖွင့်တော့ဘူး...၊
    ကိုယ်ချီးမွန်းလိုက်မှ ကဗျာအလှလေး ရသပျက်မ စိုးလို့၊
    ဒီတော့ ဘာသာတိတ်တိတ်လေး ၃ခေါက်လောက်ပြန်
    ဖတ်သွားတယ်....ဒါဗြဲ

  1. ဟန်ကြည် Says:

    နှောင်းတမြေ့မြေ့ဆိုတော့ ဆရာမြတ်ထန်ရဲ့ ၀ထ္ထုကို ပြန်ညွှန်းတာလို့ ထင်နေတာ ဘယ်ဟုတ်လိမ့်တုန်းး)

    နှောင်းတမြေ့မြေ့ စောင်းရွေ့ရှာပြီကြီးက သိပ်မလှသလိုဘဲ...စောင်းနေရာမှာ တစ်ခုခု အစားထိုးကြည့်မိသေးတယ်...

    ဘုန်းဘုန်းတောက်က ပိတောက်ပင်ပေါ်က ချောင်းကြည့်သွားတယ်ဆိုပါလား...း) ဦးဟန်ကြည်ကတော့ အပင်ပေါ်မတက်ရဲလို့ အပင်နောက်ကပဲ ချောင်းတော့မယ်း)

  1. Yoemyaykya Says:

    ဒီနေ့တော့ အရောက်လာလည်ပီး စာဖတ်တယ်။
    ကဗျာလေးက လသာတဲ့ညတွေမှာဆို ရွတ်ကောင်းမယ်။ စိတ်ကူးယဉ်သွားပါတယ်။ အရေးအသားညက်ညောတယ်။

  1. Unknown Says:

    နှောင်းတမြည့်မြည့် စောင်းရွေ့ရှာပြီ
    ဒီရာသီဦး ပိတောက်ဖူးကို
    သီခူးခွင့်နည်း ဆင်ခွင့်လွဲလို့
    လွင့်ဝဲတစ်ခေါက် စည်းကိုဖေါက်၍
    လျှောက်ခဲ့လည်ပြန်
    ပန်းကြွေကောက်ခါပြန်ခဲ့သည်။
    နွေတေးရှင်ရေဒီတစ်ခါတော.မန်.ခဲ.တယ်
    အရင်တုံးကတီလေးကစာတွေဖတ်ပြီးတိတ်တိတ်လေး
    ပြန်ပြန်သွားခဲ.တယ်။ခင်တဲ.အန်တီလေးမေခင်

  1. မင်းဧရာ Says:

    ဟုတ်ကဲ့ အန်တီလေးမေခင် ကျေးဇူးပါဗျာ။

  1. Candy Says:

    အရမ်းမိုက်တယ် နွေအလှကိုပါ ဖော်ပြသွားတာပေါ့နော် ဒါနဲ့ သင်္ကြန်တောင် ရောက်တော့မယ်နော် yayyyyyyyyy :D

  1. မိုးသက် Says:

    ကောင်းလိုက်တာဗျာ.။ မြန်မာကဗျာတွေပြန်ရေးချင်နေတယ်.။ ခက်တာက အစ်ကို့လို မခံစားတတ်ဘူးဗျာ.။ အားကျတယ် လေးစားတယ်.။
    You're "The One".
    ကျွန်တော့် လိပ်စာလေးပြောင်းသွားပြီအစ်ကို.။ လင့်ခ်ပြန်ချိတ်ပေးပါဦး.။
    အရင် မေမြို့မိုး ဆိုတဲ့နာမည်က Privacy ကိစ္စကြောင့် ပြောင်းလိုက်ရလို့ပါအစ်ကို.။

  1. Unknown Says:

    ကဗျာဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ကိုဧရာရေ....

  1. Anonymous Says:

    သြော် နွေနွေ နွေတောင်ရောက်လာပြီကိုးးး
    ဥသြတွန်သံကိုလည်းကြားတယ် ပိတောက်တွေကိုလည်း မြင်ယောင်မိတယ်း)
    လွမ်းနေပြီလား လူပျိုကြီးရေ.....
    အင်းလေ တကိုယ်တည်းဆိုတော့လွမ်းရှာမှာပေါ့
    ကိုယ်ချင်းစာပါတယ်ဗျာာာ


    မောင်ဘကြိုင်

  1. မိုးညချမ်း Says:

    နွေကဗျာ လှလှလေး “နှောင်းတမြည့်မြည့် စောင်းရွေ့ရှာပြီ
    ဒီရာသီဦး ပိတောက်ဖူးကို
    သီခူးခွင့်နည်း ဆင်ခွင့်လွဲလို့
    လွင့်ဝဲတစ်ခေါက် စည်းကိုဖေါက်၍
    လျှောက်ခဲ့လည်ပြန်
    ပန်းကြွေကောက်ခါပြန်ခဲ့သည်။” ...

    အားကျတယ်အစ်ကိုရေ .. ဒီလိုကဗျာလေးတွေ ရေးတတ်ချင်ပါဘိ ... :)

  1. မြတ်ပန်းနွယ် (Myat Pan Nwe) Says:

    ကဗျာလေးက သိပ်ကို လှပတယ်။
    အသံထွက်ပြီး ဖတ်လေလေ၊ နှစ်ခြိုက်လေလေ။

    ခင်မင်စွာဖြင့်
    မြတ်