(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ကမ္ဘာမြေရဲ့ တစ်နေရာဆီ သို့...

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဆွတ်ပျံ့လွတ်မောဖွယ်ရာ စကားတွေ ဆိုရင်း
အရုဏ်ကျင်းသွားတဲ့ အဲဒီ ညက
သူမရဲ့ အသက်ရှူသံဖွဖွကို  ကျနော်လွမ်းတယ်  ။

လရောင်ကိုသယ်လာသော   လေပြေ
ဘယ်ပန်းကိုမှ       မခြွေခဲ့ဘူး 
နှုတ်ခမ်းနီ မစွန်းဘူးသော ဒီ ပခုံးကို 
သူမ အတွက်ဘဲ သုံးပါရစေ   ။

အသားမာတတ်နေသော ရင်စုံ
ကြိုးကုန်နေပြီးဖြစ်သော စောင်းတစ်လက်
ကျနော်     မတီးခတ်ရက်တော့ဘူး
ဒီ ကဗျာကို ဖတ်ခွင့်ရတဲ့အခါ  ကြည်နူးပါ   ။

မွတ်သိပ်စွာ နှောင်ဖွဲ့တည်ပါသော   ချစ်ခြင်း  ။

အပြစ်ကင်းခဲ့ ပါသော   တမ်းတမှု့   ။

တပ်မက်မှု့ မပါခဲ့ပါသော   လွမ်းဆွတ်ခြင်း   ။

တင်းရင်းစွာစေ့ပိတ်ခဲ့ပါသော   နှုတ်ခမ်း တစ်စုံ   ။

တဆက်ဆက်တုန်နေခဲ့ပါသော    နှလုံးသား    ။

ဒီအပြာရောင် ရစ်သမ်းများကို ဖမ်းဆုပ်မိတဲ့  အခါ
သူမ 
ကြည်နူးပါစေ.......ပျော်ရွှင်ပါစေ.......နွေးထွေးပါစေ......
ကမ္ဘာမြေရဲ့      တစ်နေရာဆီ  သို့ .....။   


အပြည့်အစုံသို့

စာမျက်နှာအထက်က ဆေးစက်များ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


တိမ်နီနီကို ကြိုးကျစ်ဖို့
ပျိုမျစ်တဲ့ လက်တစ်စုံ
ရေစီးခွင့် မကြုံတဲ့ ဟောဒီမြစ်မှာ
ငါက လှေလည်း ဖြစ်ဖူးပြီ ။

ဒိုင်ယာရီ စာတစ်အုပ်က
ဘ၀ ရဲ့ပြယုဂ်ဆိုရင်
ဟိုတုန်းက ပုံပြင်ကို
ငိုစရာလို့ မထင်တော့ဘူး ။

ရာသီကြမ်းလို့
ခရမ်းစမ်းမပျိုးခဲ့တဲ့ မြေ 
ဘယ်ဆန်းဒေးတွေ မှ တိမ်မပြာဘူး 

ဘယ်မုတ်သုန်ဦး ကရော
ခြောက်ပြစ်စင်လို့လဲ  ။

 ကျုပ်လေ.....................
ဟောဒီကောင်းကင်ထဲမှာ 
တစ်ခါလောက်တော့ ရွှေမှုံကြဲချင်တယ် ။


အပြည့်အစုံသို့

အဆွေ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဒီကမ်းပြာကြည်
သာစည်ပါလျက်
တရပ်တကျေး
ဟို အဝေးနယ်
စွန့်ပယ်ခွါကြ
ရင်နာ လှပြီ....။

ဘယ်ဆီဆုံရက်
ချိုးရေတွက်လည်း
နက်နဲတစ်ထွာ
သည်ဝမ်းဟာ၍
လွမ်းငွေ့ကိုယ်စီ 
တောက်လောင်သည်သာ
သဟာအဆွေ ခွဲရချေပြီ
ကြိုမည်အသော့ ပြန်လာချိန် ။
  
နေရှိန်ပူပြင်း
ဤသလင်း ဝ
မိုးပြမှိုင်းမှိုင်း
တောတိုင်းစိမ်းစို
ကောက်နှံပျို နှင့်
အသွင်တင့်က
သာစွဌာနေ
ကျွန့််နေပြည်ကို
ဝင်ခိုမှေးစက်
သင် ချွေးသတ်စေ
အဆွေ ဤသို့မျှော်သေး၏ ။


 ကိုလွင်ပြင် နှင့် မစံပယ်ချို တို့ အတွက်
 အမှတ်တရပါ  နောင်တစ်ချိန်မှာ တော့
ကျွန်တော်တို့တစ်တွေ ပြန်လည် ဆုံစည်းနိုင်ဖို့
မျှော်လင့်နေရင်း...................................။




အပြည့်အစုံသို့

သြဥ ကျွန့်ကို ဤသို့ဆို၏

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ရာသီယွန်းမှ၊ ငွေကွန်းကခွါ
သံဝါတိုးတိတ်၊ ဘယ်အရိပ်တွင်
ခိုဝင်ချွေးသိပ် နေရှာပြီ ။

ဝေသီစွတ်စို၊ မျက်ဝန်းညိုနှင့်
ငါလည်းသင့်လို၊ ခု တစ်ကိုယ်သာ
ရှောင်ခွါဖယ်ရုန်း၊ သူပစ်မုန်းလို့
ကြွေပြုန်းသည်းဆိုင်၊ ဖြေနိုင်ပါဘဲ
ခွေယိုင်လဲလု၊ လမ်းခုလတ်ပင်
ရေးရေးထင်ထင် မမြင်တော့ ။

ဘယ်တော့မှပင်၊ မကြင်သူကို
နင်ငို ငါလွမ်း၊ ခရီးကြမ်း၌
မွှေးကြူရှိုက်ခွင့်၊ ခါမသင့်၍
တမြည့်မြည့်ကျွမ်း၊ အော်မြည်တမ်းရင်း
ဤသလင်းမှာ မိုးတို့ခါခါစွေခဲ့ပြီ ။


အပြည့်အစုံသို့

ဝိရောဓိ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခန်းဝအရောက် ၊ လက်ကိုမြှေက်မှ
ခေါက်မည့်တံခါး ၊ ငါ့အားဆီးကြို
မျက်ရည်စိုနဲ့  ပါတကား ။

နေကားမထိုး ၊ လေမတိုးပဲ
ပန်းမျိုးထိုမျှ ၊ ညှိုးခဲ့ရလျှင်
အသွင်ဘယ်သို့  ရှိလေပြီ ။

အပြစ်မဆို ၊ မောင့်ရင်ခိုကွယ်
ဆိုမည်ကြံ စဲ ၊ မုတ်သုန်ထဲမို့
မောင်လည်း ရင်နာခဲ့ရ၏  ။


အပြည့်အစုံသို့

မြလွှာရုံ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

သီကုံးခြယ်သ  ကဗျာလှကို
ဖွဖွဆိုရွတ် တတွတ်တွတ်နှင့်
ညရင့်ရင့်ကို ယခင်လိုသာ
တစ်ကိုယ်ရေသာ ဖြတ်မြဲ  ခင်  ။ 

ကြည့်မိကောင်းကင် တိမ်လွှာစင်၍
ကြယ်ပြင်ဖွေးဖွေး  လရေးရေးတွင်
လိပ်ပြာရွှင်မြူး  လေပြေဖြူးသော့
မှေးရော့ထင်သည် ခင့်ရင် အိပ်မက်လှမည်လား ။
  
မြသားဗွေတွင်း  အာရုံကျင်းလို
မင်းလွင်ပျိုဝယ်  ပန်းချီခြယ်မှုန်း
ပန်းရောင်ဖုံးမျှ  ရုန်းကြွသူရိန်
ထိုအချိန်ကို  ပန်းထိုထိုပွင့် 
ကျူးရင့်သံစုံ  ရိပ်မြုံသိုက်နန်း
နေခြည်ဖြန်းကို  တေးဆန်းတွေဆို ကြိုကြပြီ ။


အပြည့်အစုံသို့

ကျွန်တော်နဲ့ ကဗျာ ဟောင်းများ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခပ်ယိုင်ယိုင် အသည်းဆိုင်နဲ့
အတ္တကို လွန်ပြိုင်ဆွဲ
မျက်ရည်ရွှဲစို တိမ်မဲညိုတို့
ဝေဒနာကို ဖြိုလေသလား
ကိုယ် မငိုခဲ့ဘူး (.......)

 မနိုင့်တနိုင် ၀န်ဆိုင်တွေနဲ့
လှေတစ်စင်းရဲ့ ပဲ့ကိုင်ရှင်
လှိုင်းထန်တဲ့ ပင်လယ်ပြင်မှာ
မုန်တိုင်းကို တစ်ပြန်ယှဉ်လို့
ကမ်းရိုးတန်းကို အမှန်မြင်မှ
လရောင်စဉ်ကို ရှိုက်နမ်းမယ်
သခင်လှမ်းမှ ကမ်းဖြစ်စေ ။ 


ပျက်သွားသော ဘလောဒ့်ထဲက ကဗျာတစ်ပုဒ် အခုမှ အတွေးထဲမှာ ဖြုန်ဆို ပြန်ပေါ်လာလို့
သတိရတုန်း ပြန်တင်လိုက်တာ ခေါင်းစဉ်တောင် မေ့နေတယ်။

ဟိုတလောတုန်းက သူကြီးမင်း ( ကိုကိုမောင် ပန်းရနံ့ )က အစရှာပေးထားတဲ့ ကဗျာလေးကလည်း ကိုယ့်ဖာသာ ဆိုရင်းရွတ်ရင်း သတိရလာတယ် ဒါပေမယ့်လို့ တစ်ပိုဒ်လိုနေသေးလို့ တင်မရဘူး။

 အဲဒီနေ့က သူကြီးမင်းက အရင်ရွတ်ပြတာ ဒီလိုလေး
( ပိတောက်မရှိတဲ့ မြေမှာ ကိုယ်နွေမဖြစ်ချင်ဘူး )
သူကအဲလိုရွတ်ပြတော့မှ ကျွန်တော်က လိုက်ရွတ်ကြည့်လိုက်တာ ဒီလောက်ရောက်သွားတယ်
( မိုးဦးည ရင်ခွင်မှာ စံပယ်တွေ ခိုဝင်ဘူးတာဘဲ  နှင်းစက်တို့ကြောင့် သဇင်မကြွေရင် ပိတောက်မရှိတဲ့ မြေမှာ ကိုယ်နွေ မဖြစ်ချင်ဘူး ခင် )အခု ပြန်အမှတ်ရသလောက် ဆက်ရေးမယ်နော်


အိုအေစစ်ကို တည်ဆောက်ဖို့
ဂန္ထ၀င်မြောက် အနမ်းတစ်ရှိုက်
ချိုမြိန်စွာ ထွေးပိုက်ခွင့်
ခုံမင်သင့်ခဲ့ သလား..........

မိုးဦးည ရင်ခွင်မှာ
စံပယ်တွေ ခိုဝင်ဘူးတာပဲ
နှင်းစက်တို့ကြောင့်
သဇင်မကြွေ ရင်
ပိတောက်မရှိတဲ့မြေမှာ
ကိုယ် နွေမဖြစ်ချင် ဘူး  ခင်...။


ကျန်နေသော အပိုဒ်က အပေါ်ဆုံး အပိုဒ်ပါ ဘယ်တော့မှ အတွေးထဲမှာ ပြန်ပေါ်မလဲ မသိသေးဘူး ။


အပြည့်အစုံသို့

ခင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


ပန်ချင်လျှင်ခူး
ပွင့်ဦးထိုထို 
မြညှာညို ၀ယ် 
ခိုတွယ်ယိမ်းနွဲ့ 
ကေသာလဲ့စို
တစ်ပတ်လျှိုတွင်
ဖွဖွဆင်ဖို့ မောင်ဖူး၏ ။ 

ရှူ့မိအာရုံ
ခွင့်မကြုံ၍ 
ဘယ်ပုံဘယ်ပန်း
ညချမ်းရည် ညို
စကားဆိုစဉ် 
ခင့်ရင် ဘယ်သို့ရှိလေပြီ ။

တုန်ရီမောဟိုက်
ရင်တွင်းလှိုက်ဖို
သိစေလိုလျှက်
အဆိုခက်၍
သက်ငွေ့ ဖွဖွ 
အသာချကာ
သည်နေ့တာတို့ ရှည်ရပြီ ။ 

ရည်စူးစိတ်သန်
ပင်တိုင်စံနှယ်
မာန်စွယ် ၀င့်ဝင့် 
ဒဏ်တို့သင့်ငြား
မျက်ထားမငြို
ခင့်အလိုသာ
ဖယ်ခွါရှောင်ပုန်း 
ခရီးဆုံးထိ 
ကြော့ဆုံးဘယ်သို့ ရှိမည်နည်း ။



အပြည့်အစုံသို့

နှောင်းတမြည့်မြည့်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

လေရူးအသော့    မြူးဆော့တစ်ခါ
ဟိုမှာတစ်ရွက်    ဒီတစ်ရွက်နှင်
ရှစ်ခွင်မြူဆိုင်း   ထင်တိုင်းလွမ်းတော့
မှိုင်းဖျော့စွတ်စို   မျက်ဝန်းညိုသည်
သွေဖည်မရုန်း    ခပ်နုံးနုံးပင်
     ဟိုအတိတ်ကိုနှင်မိ၏။

မချိတင်ကဲ      သံကုန်ချွဲသီ
ကြားစေရည်ငြား   ရိုးဖျားတစ်ဖက်
ပင်အိုထက်တွင်   ရှိုက်ငင်ငိုကြွေး
ဖေါ်ဝေးတစ်ကိုယ်   ဥသြပျိုသည်
ဆင့်ဆိုမြည်တမ်း   ပင့်သက်နွမ်းကို
          ငါ့လို သူလည်း
တစ်ကိုယ်တည်းသာ ဖြေရော့မည်။

ရော်ရည်မှန်းဆ   ဟိုတုန်းကများ
မြသားအသွေ့    လေအဝေ့တွင်
ပျော်ဝင်မိန်းမူး   ကိုယ်တိုင်ခူး၍
ပွင့်ဦးကိုဆင်  ပိတောက်ပင်သည်
နွေနေခြည်အောက် ပန်သူပျောက်၍
နွမ်းခြောက်တစ်ခါ ထိုမြေလွှာဝယ်
 ရနံ့ပြယ်ရှာပေရော့မည်။

နှောင်းတမြည့်မြည့်   စောင်းရွေ့ရှာပြီ
ဒီရာသီဦး  ပိတောက်ဖူးကို
သီခူးခွင့်နည်း  ဆင်ခွင့်လွဲလို့
လွင့်ဝဲတစ်ခေါက်  စည်းကိုဖေါက်၍
       လျှောက်ခဲ့လည်ပြန်
ပန်းကြွေကောက်ခါပြန်ခဲ့သည်။


အပြည့်အစုံသို့

မြတ်ရေးသီသော မောင့်ကဗျာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


မြူခင်းတစ်လှည့်
နှင်းတစ်လှည့်ဆင်
ယုဂံတွင် ၀ဲ
သခင့်ပွဲ ၌
ဦးခိုက်ခြေစုံ
နွှဲခွင့်ကြုံ၍
ပန်းစုံကိုခူး
မောင်သီကျူး၏

ကြည်နူးပြုံးရွှင်
မောင့်သခင်သည်
ရေကြည်ဖျန်းတောက်
မိုးဦးသောက်စ
တောက်ပရွှန်းစို
ရနံ့ချိုဆင့်
လည်တံဝင့်ချီ
ထိုနှင်းဆီ သို့
ကြယ်တို့သီကုံး
ဆံထုံး၌ ဆင်
ကိုယ်စားနှင်သော မောင့်ကဗျာ။


အပြည့်အစုံသို့

ဆေးသားပြို၍ ငိုသောတိမ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


ခရီးတစ်ထောက်
ရေကြည်သောက်ရာ
ဤမြေမှာကား
ပန်းမျိုးလည်းစုံ
ရဂုံမမည်
ထွေလီသားရဲ
ပျံဝဲ ပိတုန်း
ဝတ်ရည်သုံးရန်
သဒ္ဒါဟန်နဲ့
ချူပြန်ငုံဖူး
သင် ညွှတ်နူးက
မှားမိပေစွ နှမငယ်။

မည်သို့ဆိုစေ
ထိုထိုမြေမှာ
ဝင့် ဝေအချို့
ကြွေအချို့နှင့်
ဆို့ဆို့မျက်ရည်
လျော့ပြေဆံထုံး
အရှုံးရင်ပိုက်
တိတ်တိတ်ရှိုက်ငို
အိပ်မက်ချိုလည်း   ပြိုခဲ့ပြီ။

အို...နှမငယ်
ငါတို့ရေကြည်
ရှာသောက်မည်ဟု
ခြေဦးတည်စ
ပီသစိတ်ကူး
အိပ်မက်ဖူးလည်း
မြေလူးသက်ကြွေ
ခူးခြွေပိတုန်း
ဝတ်ရည်သုံးသူ
ချင့်ချိန်ယူတော့
ကဗျာတကျော့
ဆုံးသည့်အချိန်။



 ကဗျာ အဟောင်းလေးပါ
အကြောင်းလေးတွေ တိုက်ဆိုင်လို့ ပြန်တင်မိလိုက်တာ။

အမှန်တော့ နိုင်ငံခြား ဒါမှမဟုတ် မိဘ အုပ်ထိန်းမှု့ဝေးရာ အရပ်မှာရောက်နေကြရသော အမျိုးကောင်းသာ အမျိုးကောင်းသမီးလေးတွေ ဖတ်စေချင်လို့ ပြန်တင်လိုက်တာလို့ ပြောချင်တာပါ
အဲသည်လိုပြောလိုက်ရင် တစ်မျိုးတစ်မည်ထင်ကြမှာဆိုးရတယ်မဟုတ်လား ။


အပြည့်အစုံသို့