Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ခပ်ယိုင်ယိုင် အသည်းဆိုင်နဲ့
မျက်ရည်ရွှဲစို တိမ်မဲညိုတို့
ကိုယ် မငိုခဲ့ဘူး (.......)
မနိုင့်တနိုင် ၀န်ဆိုင်တွေနဲ့
လှေတစ်စင်းရဲ့ ပဲ့ကိုင်ရှင်
လှိုင်းထန်တဲ့ ပင်လယ်ပြင်မှာ
မုန်တိုင်းကို တစ်ပြန်ယှဉ်လို့
ကမ်းရိုးတန်းကို အမှန်မြင်မှ
လရောင်စဉ်ကို ရှိုက်နမ်းမယ်
ပျက်သွားသော ဘလောဒ့်ထဲက ကဗျာတစ်ပုဒ် အခုမှ အတွေးထဲမှာ ဖြုန်ဆို ပြန်ပေါ်လာလို့
သတိရတုန်း ပြန်တင်လိုက်တာ ခေါင်းစဉ်တောင် မေ့နေတယ်။
ဟိုတလောတုန်းက သူကြီးမင်း ( ကိုကိုမောင် ပန်းရနံ့ )က အစရှာပေးထားတဲ့ ကဗျာလေးကလည်း ကိုယ့်ဖာသာ ဆိုရင်းရွတ်ရင်း သတိရလာတယ် ဒါပေမယ့်လို့ တစ်ပိုဒ်လိုနေသေးလို့ တင်မရဘူး။
အဲဒီနေ့က သူကြီးမင်းက အရင်ရွတ်ပြတာ ဒီလိုလေး
( ပိတောက်မရှိတဲ့ မြေမှာ ကိုယ်နွေမဖြစ်ချင်ဘူး )
သူကအဲလိုရွတ်ပြတော့မှ ကျွန်တော်က လိုက်ရွတ်ကြည့်လိုက်တာ ဒီလောက်ရောက်သွားတယ်
( မိုးဦးည ရင်ခွင်မှာ စံပယ်တွေ ခိုဝင်ဘူးတာဘဲ နှင်းစက်တို့ကြောင့် သဇင်မကြွေရင် ပိတောက်မရှိတဲ့ မြေမှာ ကိုယ်နွေ မဖြစ်ချင်ဘူး ခင် )အခု ပြန်အမှတ်ရသလောက် ဆက်ရေးမယ်နော်
အိုအေစစ်ကို တည်ဆောက်ဖို့
ဂန္ထ၀င်မြောက် အနမ်းတစ်ရှိုက်
ချိုမြိန်စွာ ထွေးပိုက်ခွင့်
ခုံမင်သင့်ခဲ့ သလား..........
မိုးဦးည ရင်ခွင်မှာ
စံပယ်တွေ ခိုဝင်ဘူးတာပဲ
နှင်းစက်တို့ကြောင့်
သဇင်မကြွေ ရင်
ပိတောက်မရှိတဲ့မြေမှာ
ကိုယ် နွေမဖြစ်ချင် ဘူး ခင်...။
ကျန်နေသော အပိုဒ်က အပေါ်ဆုံး အပိုဒ်ပါ ဘယ်တော့မှ အတွေးထဲမှာ ပြန်ပေါ်မလဲ မသိသေးဘူး ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ပန်ချင်လျှင်ခူး
ပွင့်ဦးထိုထို
မြညှာညို ၀ယ်
ခိုတွယ်ယိမ်းနွဲ့
ကေသာလဲ့စို
တစ်ပတ်လျှိုတွင်
ဖွဖွဆင်ဖို့ မောင်ဖူး၏ ။
ရှူ့မိအာရုံ
ခွင့်မကြုံ၍
ဘယ်ပုံဘယ်ပန်း
ညချမ်းရည် ညို
စကားဆိုစဉ်
ခင့်ရင် ဘယ်သို့ရှိလေပြီ ။
တုန်ရီမောဟိုက်
ရင်တွင်းလှိုက်ဖို
သိစေလိုလျှက်
အဆိုခက်၍
သက်ငွေ့ ဖွဖွ
အသာချကာ
သည်နေ့တာတို့ ရှည်ရပြီ ။
ရည်စူးစိတ်သန်
ပင်တိုင်စံနှယ်
မာန်စွယ် ၀င့်ဝင့်
ဒဏ်တို့သင့်ငြား
မျက်ထားမငြို
ခင့်အလိုသာ
ဖယ်ခွါရှောင်ပုန်း
ခရီးဆုံးထိ
ကြော့ဆုံးဘယ်သို့ ရှိမည်နည်း ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
လေရူးအသော့ မြူးဆော့တစ်ခါ
ဟိုမှာတစ်ရွက် ဒီတစ်ရွက်နှင်
ရှစ်ခွင်မြူဆိုင်း ထင်တိုင်းလွမ်းတော့
မှိုင်းဖျော့စွတ်စို မျက်ဝန်းညိုသည်
သွေဖည်မရုန်း ခပ်နုံးနုံးပင်
ဟိုအတိတ်ကိုနှင်မိ၏။
မချိတင်ကဲ သံကုန်ချွဲသီ
ကြားစေရည်ငြား ရိုးဖျားတစ်ဖက်
ပင်အိုထက်တွင် ရှိုက်ငင်ငိုကြွေး
ဖေါ်ဝေးတစ်ကိုယ် ဥသြပျိုသည်
ဆင့်ဆိုမြည်တမ်း ပင့်သက်နွမ်းကို
ငါ့လို သူလည်း
တစ်ကိုယ်တည်းသာ ဖြေရော့မည်။
ရော်ရည်မှန်းဆ ဟိုတုန်းကများ
မြသားအသွေ့ လေအဝေ့တွင်
ပျော်ဝင်မိန်းမူး ကိုယ်တိုင်ခူး၍
ပွင့်ဦးကိုဆင် ပိတောက်ပင်သည်
နွေနေခြည်အောက် ပန်သူပျောက်၍
နွမ်းခြောက်တစ်ခါ ထိုမြေလွှာဝယ်
ရနံ့ပြယ်ရှာပေရော့မည်။
နှောင်းတမြည့်မြည့် စောင်းရွေ့ရှာပြီ
ဒီရာသီဦး ပိတောက်ဖူးကို
သီခူးခွင့်နည်း ဆင်ခွင့်လွဲလို့
လွင့်ဝဲတစ်ခေါက် စည်းကိုဖေါက်၍
လျှောက်ခဲ့လည်ပြန်
ပန်းကြွေကောက်ခါပြန်ခဲ့သည်။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ကိုယ်စားနှင်သော မောင့်ကဗျာ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ခရီးတစ်ထောက်
ရေကြည်သောက်ရာ
ဤမြေမှာကား
ပန်းမျိုးလည်းစုံ
ရဂုံမမည်
ထွေလီသားရဲ
ပျံဝဲ ပိတုန်း
ဝတ်ရည်သုံးရန်
သဒ္ဒါဟန်နဲ့
ချူပြန်ငုံဖူး
သင် ညွှတ်နူးက
မှားမိပေစွ နှမငယ်။
မည်သို့ဆိုစေ
ထိုထိုမြေမှာ
ဝင့် ဝေအချို့
ကြွေအချို့နှင့်
ဆို့ဆို့မျက်ရည်
လျော့ပြေဆံထုံး
အရှုံးရင်ပိုက်
တိတ်တိတ်ရှိုက်ငို
အိပ်မက်ချိုလည်း ပြိုခဲ့ပြီ။
အို...နှမငယ်
ငါတို့ရေကြည်
ရှာသောက်မည်ဟု
ခြေဦးတည်စ
ပီသစိတ်ကူး
အိပ်မက်ဖူးလည်း
မြေလူးသက်ကြွေ
ခူးခြွေပိတုန်း
ဝတ်ရည်သုံးသူ
ချင့်ချိန်ယူတော့
ကဗျာတကျော့
ဆုံးသည့်အချိန်။
ကဗျာ အဟောင်းလေးပါ
အကြောင်းလေးတွေ တိုက်ဆိုင်လို့ ပြန်တင်မိလိုက်တာ။
အမှန်တော့ နိုင်ငံခြား ဒါမှမဟုတ် မိဘ အုပ်ထိန်းမှု့ဝေးရာ အရပ်မှာရောက်နေကြရသော အမျိုးကောင်းသာ အမျိုးကောင်းသမီးလေးတွေ ဖတ်စေချင်လို့ ပြန်တင်လိုက်တာလို့ ပြောချင်တာပါ
အဲသည်လိုပြောလိုက်ရင် တစ်မျိုးတစ်မည်ထင်ကြမှာဆိုးရတယ်မဟုတ်လား ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ရေကြည်လည်း ခန်း
လူလည်းနွမ်း ၍
ခြေလှမ်းယဲ့ ပြို
နေလည်းညိုပြီ
ငို...ရယ်...မဲ့...ပြုံး
ခရီးသုံး တန်
ဒုတိယံ ၌
ဦးစိုက်ကန်ရုန်း
နွားတို့ရှုံးရာ
ပုံပမာချ
ကာလက မှောင်
ခွက်ပြောင်သလင်း
လူ့အတင်းက
မလှဆိုး နိုး
ခိုနိုး မရှိ
မျက်စေ့နှင့် ကြား
နားများက မြင်
အရွတ်ထင်ကျန်
ရင်ကိုလှန်သော စာမျက်နှာ
နောင်ခါဘယ်သို့
လေးတစ်ညှို့မျှ
တွေးစမမျှော်
ကြွေသော်မြေသက်
ထိုရက်မတိုင်
တက်ကို ကိုင်၍
ဦးဆိုင်ထိုးခွင်း
ခရီးပြင်းသော သမုဒ္ဒရာ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ခြေရာကိုဖျက်
ရွာမှထွက်၍
နှုတ်ဆက်လက်ပြ
မမြင်ကြပြီ
ငါ့၏၀ိညာဉ်
စိတ်အစဉ်က
ရေတွင်ခဲချ
ဒီလှိုင်းကြွသို့
မှိုင်ပြစွတ်စို
မျက်ဝန်းညိုလည်း
ငွေ့ရည်ခဲ၍
တိမ်မဲ မပြို
လည်လျိုနောက်ပြန်စဉ် အခိုက်
ရင်၌ချီထုံး
ဟိုစဉ်တုန်းက
အပြုံးလည်းသွေ့
ရက်မစေ့မီ
ဖူးခဲ့သည်မှ
ခွေးအ သောင်ပြင်
ထိုအသွင်သို့
စပျစ်ကိုမြင် ချဉ်မိပြီ
မျို၍မရ
ပျို့အန်ချငြား
ငါကားမရည်
ဘယ်ဆီဘယ်သို့
ဤမြို့မှထွက်
နှုတ်ဆက်လက် ရမ်း
ပင့်သက်နွမ်းတို့ ပြေခဲ့ချိန်။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ခွက်ထိုးဆင့်ခံ
မိုးသံဂျိမ်းဂျိမ်း
ထိုလူပြိန်းတို့ ထခုန်ချိန်။
ကျွန်စိတ် ကျွန်ဟန်
ကျွန်သံမပျောက်
မျှော် ထောက် ခို စား
လူပြိန်းများသည် ငါ့ဌာနီ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
ချောင်းပြည့်ကမ်းလျှံ
ရွာရန်သိပ်သည်း
ထိုတိမ်မည်းက
လွင့်ဝဲမပါ
လေနှင်ရာလည်း
ရင်တွင်းမှာပဲ ရွှဲခဲ့သည် ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
တိမ်ညွှတ်ချိုစား
လရိပ်ဖြားခို
သက်ထားပျိုက
ငုံ့လျိုကွယ်ပျောက်
ရောက်၍မလာ
အကယ်သာလျှင်
စိမ်းပြီ ထင်ရဲ့။
ခွန်းစတုံ့တင်
ဟိုယခင်က
ကြယ်ပြင်ဖွေးဖွေး
ညအေးအေး၌
ဝေ့၀ိုက်လွန့်လူး
ကြည်နူးဖူး၏ ။
မြူဦးအုံ့ဆိုင်း
ငွေလှိုင်းဇာကွပ်
နှင်းရည်စွတ်စို
ဌာနေအိုမှာ
ခိုနေရှာလည်း
အခွင့်နည်းစွာ
မဆုံသာလျှင်
သခင်ဘယ်သို့ တွေးမည်နည်း ။
အပြည့်အစုံသို့
Posted by: နွေတေးရှင် (မင်းဧရာ) / Category:
ကဗျာ
မြစ်ကျိုးမျက်ရည်
အိပ်မက်ကြေ၍
ရွက်ကြွေလေ၀ဲ
တစ်ယောက်တည်း ငို
ရနံ့ချိုပျောက်
ဖ၀ါးအောက်၌
ကောက်၍တဖန်
သခင် ပန်စေ
မခြွေထို ဆု
မျက်ရည်ထုသိမ်း
ခပ်စိမ်းစိမ်း ပေါ့...။
အပြည့်အစုံသို့