(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဝင်္ကပါမှာ ကွယ်သော ''လ''

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

                                           လောကကို အုပ်စိုးဖို့
                                          တိမ်တစ်ဆုပ် ပျိုးခဲ့တဲ့ ကောင်းကင်
                                          အထိန်းအကွပ်မဲ့  ပျော်ဝင်တော့
                                          ကျွန်တော့်ရင်ခွင်  မဟုတ်ခဲ့ဘူး

                                         ''စည်း''ပျောက်သွားတဲ့နောက်
                                         ''၀ါး''  နဲ့ထောာက်ခဲ့တဲ့  လင်္ကာ
                                               ဂန္ထ၀င်မတွင်ရှာတော့
                                        ဟို    စင်ပေါ်မှာဘဲ  ထားလိုက်တယ်

                                                      အခုတော့
                                               ဆေးလိပ်တစ်ရှိုက်
                                               အရက်တစ်ကျိုက်နဲ့
                                        ည ခါးခါးတွေကို ထွေးပိုက်ဖို့
                                       ကျွန်တော် နှစ်ခြိုက်တတ်ခဲ့ပြီ။


အပြည့်အစုံသို့

အဲဒီအကောင် မင်းဧရာ ပါ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

သိုးရေကိုလည်းမခြုံ
ဝံပုလွေဘုံမှာလည်း 
      မပျော်ပိုက်
သရော် စာတစ်ပိုဒ်ကတော့ 
     ရင်ကို လာစိုက်လေရဲ့။

         မင်းဧရာ   ဆိုတာ 
ထန်းလက်ကာ  ထန်းလက်မိုး
          မျိုးရိုးက
သူတောင်းသာသာ
ဟိုခပ်ဝေးဝေးက   ဘူတာရုံမှာ
        ကျွန်တော် 
ပန်းရောင်းစားတဲ့ ရုပ်ပုံလွှာတွေရှိမယ်.....

      လုံလောက်မလား
ရွှေမန်းမြို့ အ၀င်နားမှာ
ပီနံအိတ် အကောက်သွားတဲ့
       ကျွန်တော့်ခြေရာ
မိုးရွာတာတောင်  ဖုံးမသွားရှာဘူး........

လူတစ်လုံး ပီသအောင်
သုံးဆောင်ခဲ့တဲ့ ခွန်အားများက
မုသားမပါ  ပါဘူး
တောင်စူးစူး အရပ်မှာ
ရေ   အရောင်ထွက်
ဖုံလူးတဲ့  လမ်းအထက်မှာလည်း
အကြော်ဗန်း   ရွက်ခဲ့သူပေါ့


တော်လောက်ပြီလား   ဂုဏ်ပုဒ်
ပခုံးစုတ်အောင်   ကုန်ထမ်း
      ပြည်ကြီးတံခွန်
မြို့အ၀င်လမ်းမှာ
ကျွန်တော့်ရဲ့ 
ထမ်းပိုးကြမ်းကြမ်းတွေ  ရှိမယ်

ဆန်ကွဲ တစ်ဆုပ်
ပဲတစ်ဆုပ်နဲ့
တိတ်တိတ်လေး  မိုးချုပ်သွားတဲ့
ညနေစာတွေ  အနားမှာ
    မင်းဧရာ ဆိုတာရှိတယ်။


အပြည့်အစုံသို့

ဘကြီးမှုန် မှာတမ်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဖိုးသာအောင်ရေ...
ခေါင်းပေါင်းစတွေ
တထောင်ထောင်နဲ့
ရွာလည် ခေါင်ကအိမ်ကြီး
မီးမှောင်မှောင်နဲ့
ငိုက်မျဉ်းနေလေရဲ့...........

ကျုပ်ငယ်ငယ်က
တေးဟောင်းကြီးကို
လူပေါင်းများစွာက လိုက်ဆို
ဟိုး    တောင်မှာမိုးညိုလို့
မောင့်ပျိုးခင်း
ရေစို ပါ့မလား.....

တောင်နှင့်မြောက်
မသိခင်က
နားထင်မှာချိုဝင်ပေါက်
အမြီးမြှောက်ပြီး လျှောက်ပြေး
ကလေးလေးတွေကိုလည်း
ပြောပြပါကွယ်.......
နေကိုမျှော်ပြီး
လှေ မလှော်ရင်
ကမ်းကို ဘယ်လိုမြင်မလဲ......

သည်တစ်ခေါက်တော့
သည်လောက်ပါဘဲ ဖိုးသာအောင်
ပြောချင်တာတွေ များပေမယ့်
ရင်ထဲမှာ ခါးခါးလာလို့
ဘကြီးမှုန် နားပါရစေဦး.......။


အပြည့်အစုံသို့

နေညိုရိုးမှ.......

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မြရည်ငယ်စစ်
ရွယ်ဖြိုးသစ်ကြွ
လှစ်ဟသွယ်သွယ်
မင်ခြယ်ပိတုံး
သူ့ပခုံးထက်
ဝိုင်းစက်ကော့ပျံ
ယဉ်ပေ့ဟန်ကိုယ်
နံ့သာချိုနစ်
နွယ်မျိုးစစ်၏....

ခွန်းဆင့်မဆို
မျက်ဝန်းညို၌
ခိုလှိုက်သဒ္ဒါ
ရွှန်ကြည်စွာဝင့်
ထိုပွင့်မာလာ
ခူးခွင့်သာလည်း
သိပ်သည်းအုပ်မိုး
စိုရိုးထိုလက်
မခြောက်အပ်သို့......

သိစေရွယ်ကိုး
နေညိုရိုးမှ
ပြိုကျကဗျာ
ကျွန်ရည်ရာသို့
ဆောင်ယူပို့လော့.......

ဟင်္သာအဆင်း
နွေလည်ခင်းဖန့်
ခင်းဖြန့်ဥယျာဉ်
သူ့ဆံကျင်မှာ
ပန်စေရာပျိုး
နေညိုရိုး မှ
ပျိုးသောကဗျာ........။


အပြည့်အစုံသို့

မွေးနေ့ ကဗျာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ရိုးတံညှာဦး
ပုရစ်ဖူးကြွ
မြူစယှက်ငှင်
တွေရင်ခွင်မှာ
ငြင်သာပိုက်ထွေး
ဖွဖွမွှေး၍
နုပျိုသွေးကို
မွေးခဲ့စဉ်။

အာကာတစ်ခွင်
တိမ်ခိုးစင်၍
ကြည်လင်ရွှန်းပ
နေ့သစ်စ မှာ
လွန့်ကာမြူကြွ
တစစ နှင့်
ရုန်းကြွတစ်လီ
ထိုပန်းချီကို
လေပြည်ရှိုက်နမ်း
ဝေဟင်နန်းမှ
ယွန်းစ နှစ်ဆယ်
ထွန်းပကြယ်သို့
ရွယ်ရည်ပို့သည်
နှင်းသက်တစ်ရာ
ပြည့်စေရာ။



ချစ်လှစွာသော  ညီမလေးရေ.....
အသက်နှစ်ဆယ် ပြည့်မွေးနေ့လေးမှသည်  နောင်နှစ်ပေါင်း များစွားတိုင်အောင်  စိတ်၏ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။




အပြည့်အစုံသို့

ဒိုက် အမှိုက်နှင့် စရိုက်များ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

လူတစ်စိတ်
ခွေးတစ်အိတ်နဲ့
ဟို  ချောင်းရိုးထိပ်မှာတော့
ဒိုက်တွေအမျေားစိပ်လာတယ်။

ဒို့အမျိုး၊ဒို့အမျိုး
ကြမ်းပိုးတွေက  ဟစ်အော်
ရွာကျော်ကာ ခဲပစ်
ခပ်ညစ်ညစ် ထိုအမှိုက်
အဲသည်ဒိုက်နှင့်  မျောပါစေ။

အဆီကိုလည်းဖောက်
ရေကြည်ကိုလည်း  သောက်
ဖနောင့်နှင့် လည်းပေါက်သွား
ဒါပေမယ့်......
ငါ  မင်းမဖြစ်အောင်လည်း  ဆုတောင်းသွားဦး။


အပြည့်အစုံသို့

ဘယ်လိုပြောရမလဲ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခေတ်ကာလ ရေစီးမှာ
လှေထီးတည်း ရွက်ပြန်တိုက်
အညာစရိုက်လေးကို ထွေးပိုက်လို့
ဂန္တ၀င်တေးသွားတွေကို ကြိုက်တယ်။

မျက်နှာပြောင်ပြောင်နဲ့
ခပ်ကြောင်ကြောင် လက်ခုပ်တီး
သီချင်းတစ်ပုဒ် ဆိုအပြီးမှာတော့
ချွေးသုတ်ပြီးသာ ပြန်ထွက်ပါ။

နည်းနည်းရေး  များများတွေး
ပိုတာရှိရင်ပေးလိုက်
ဒါပေမယ့်.......
အမှိုက်တော့ မဖြစ်စေနဲ့။

လောကဓံ အထုအထောင်းကို
ဗန်းထဲထည့်ရောင်းလို့ ရသလား
ကံကြမ္မာက
မျက်နှာသာ မချိုသလို

ကျွန်တော် သက္ကရာဇ် တစ်ခုကိုဖြိုပြန်ပြီ။

သုံဆယ့်တစ် အကြိုမှာ
ရှေ့ဖြစ်နောက်ဖြစ်တွေ မလိုပါဘူး
ဟောဟိုက  နေမညိုခင်
အဲဒီရွာကို  အရောက်ဝင်မယ်။





အပြည့်အစုံသို့

ကြွေ၍ဝေသည့်အလွမ်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

မထင်တတ်
ပြင်ရက်စွာတိမ်းပေမယ့်
မောင်စိမ်း၍ မဟုတ်ဘူး ခင်။

နှစ်ချို့တဲ့ရင်ခွင်
တိုးတိတ်စွာ ရှင်စေတော့
ထပ်ဝေကျော့ ဒီအလွမ်းကိုလည်း
ခင်နမ်းဖို့ မောင်မစေ။

သြော်......
မတမ်းသင့်တဲ့ ဒီအခြေမှာ
အလွမ်းတွေရင့်၍ကြွေတိုင်း
မောင့်ရဲ့ ရင်တံတိုင်းမှာတော့
တိမ်ညိုတွေ ဆိုင်းဆဲ ခင်...။


အပြည့်အစုံသို့

ခံ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဒေါင်းတစ်သုတ်
ဗျိုင်းအုပ်ကို ချီဆင်း
ရွာထဲမှာလည်း
အိုးနင်း ခွက်နင်းနဲ့။

ငါ့အရေး  ငါ့အခင်း
ခပ်ဖျင်းဖျင်း ပြဇာတ်တစ်ပုဒ်
ထန်းသီးမှုတ်တို့
ဖရဲသီးပြုတ်ကိုခဲကြ
တစ်ချို့ကတော့
"'ဘို''သွေးတွေကြွလို့။

ဘယ်သူ ဘာလုပ်လုပ်
ဟောဒီ ဇနပုဒ်ကတော့
ဖျံအုပ်လည်း ခံ
ဗျိုင်းသုတ်လည်း ခံ
ငါး ဖြစ်ရတဲ့ ဒဏ်မှာ
ခင်ဗျားတို့ အသံကိုကြောက်တယ်။


အပြည့်အစုံသို့

ကျွန်တော်မပိုင်သော မနက်ဖြန်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ငါ ဆိုတဲ့ မာန်တစ်တိုင်နဲ့
မနက်ဖြန်ကို သင် ပိုင်သလား။

ဆွဲကိုင်လိုက်စမ်းကွယ်
မဆုံးသေးတဲ့ ဒီပန်းတိုင်
အရှုံးအနိုင်တွေ မလိုပါဘူး။
 
အရိုးဖြိုင်ဖြိုင်ပေမယ့်  
နှလုံးသားပင်စည်ခိုင်မှနေ
သံပြိုင်တွေဟစ်ကြွေး
ငါတို့သွေးနဲ့ နွေးရမယ်။

မနက်ဖြန်ကို သင် ပိုင်သလား။

ဆွဲကိုင်လိုက်စမ်းကွယ်
မဆုံးသေးတဲ့ ဒီပန်းတိုင်မှာ
မရှုံးအနိုင်တွေ မလိုပါဘူး။



 ကောင်းမှု့ပြုလုပ်ခြင်းဖြင့် ကောင်းကျိုးခံစားနိုင်ကြပါစေ။


အပြည့်အစုံသို့

အလွမ်းဖြင့်ရုံသော

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဥသြတစ်ကိုယ်
ခွန်းဆိုသံဝါ
ခိုကာနားစက်
ရော်ရွက်သက်ကြွေ
ဤတစ်နွေဆို
ရွာအိုဘယ်သို့ ရှိမည်နည်း။

မိုးရူးလေထန်
ဒေါသမာန်ဝင့်
ပျံလွင့်ကာချီ
ရာသီနွေနှောင်း
ဖက်ဆွတ်လောင်းချ
ပြောင်းရတဖုံ
မြသွေးရုံမှာ
ပျိုးခုံဘယ်ပုံ သာမည်နည်း။

မမြင်ရက်ကြာ
ကျွန်ရွက်ဝါငယ်
သာစေရွယ်ရင်း
ငွေနှင်းလည်းကုန်
လူလည်းထုံပြီ
အလွမ်းဖြင့်ရုံသော သည်ရက်ရှည်။


အပြည့်အစုံသို့