(သိလို့ရေးခြင်းလည်းမဟုတ်ပါဘူး..တတ်လို့ရေးခြင်းလည်းမဟုတ်ပါဘူး ပင့်သက်ရှည်ပြေစေတော့လို့... ဖြေလျော့တဲ့နေရာလေးပါဗျာ)

ဘလောဒ့်ဒေး တဂ်ပိုစ့်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဘလောဒ့်ဒေး တဲ့............
ရေးမည့်သာ ရေးရတယ် လွန်းသွားခဲ့တာတောင် ကြာနေပါပြီ
အလုပ်တွေရှုပ်နေတာရော  အရှုပ်တွေ လုပ်နေတာရော ဆိုပါတော့
စာဖတ်ခြင်း ဘလောဒ့်လည်ခြင်းတွေလည်း အတော်လေး ကျဲသွားတယ်
ဒီနေ့ညမှ သာ စိတ်လိုလက်ရ ရေးဖြစ်အောင် ရေးမယ် ဆိုပြီး
တက်လာလိုက်တာ ဘလောဒ့်ဂါတွေ တော်တော်များများနဲ့
စည်ကားသိုက်မြိုက်စွာ ရေးထားတာကို တွေ့လိုက်ရတော့
အတော်လေးကို အံ့သြသွားမိတယ်  ဘာလို့လည်း ဆိုတော့
ဘလောဒ့်တခွင် မှာ အခုလို တဂ်ပိုစ့်လေးတွေ မမြင်ရတာ
အတော့်ကို ကြာနေပါပြီ  သိပ်လည်း  မရေးကြတော့ပါဘူး
အထူသဖြင့် အမျိုးသားတွေ သိပ်အရေးနည်းသွားကြတယ်
အမျိုးသမီးတွေကတော့ ရေးနေကြစဲ ပါ ဘာရယ်လို့ မဟုတ်ဘူး
ဆိုရင်တောင် ဘလောဒ့်ဒေး အမှတ်တရ အဖြစ်ကနေ
ဘလောဒ့်လောကကြီး အသက်ပြန်ဝင်လာတာကိုတော့
ကျေးဇူးတင်မိတယ် ။

ဟိုတုန်းများ  တစ်ရက် တစ်ရက်
တက်လာသမျှပိုစ့်တွေ နိုင်အောင် မဖတ်နိုင်ပါဘူး
သိပ်ရေးကြပါတယ် ဖတ်လည်း ဖတ်ကြပါတယ်
တစ်အိမ်တက် တစ်အိမ်ဆင်း ပေါ့ဗျာ
အခုများတော့  ဘလောဒ့်ထဲ ၀င်ရမှာတောင် ပျင်းလာတယ်
ဝင်ကြည့်လိုက်ရင်း ပိုစ့် မတက်လို့ ပြန်ထွက်လိုက်ရင်း
နောက်ရက်ကြ ပြန်ဝင်ကြည့်လိုက်ရင်း  ဘယ်သူမှ မတင်လို့
ပြန်ထွက်လိုက်ရင်း ဆိုတော့ ကျနော်လည်း ကိုယ့်ဘလောဒ့် ထဲကိုတောင်
နှစ်ရက် သုံးရက် နေမှ တစ်ခါသာ ၀င်ပြီး လိုက်ဖတ်မိတော့တယ်
အဲလောက်အထိအောင် ရေးအား နည်းသွားတော့ ဘလောဒ့်ရွာကြီးဟာ
ခြောက်ကပ်ကပ် နိုင်သွားတာတော့ အမှန်ပဲ ။

ဒီလိုအခြေအနေကနေ ပြန်လည် နိုးထလာကြပါပြီ
အရင်လို ရယ်လိုက် မောလိုက် စလိုက် နောက်လိုက်
မျှဝေ ခံစားလိုက်နဲ့ သိုက်သိုက်ဝန်းဝန်း  ဆက်လက်ပြီး
ဘလောဒ့်လည် နိုင်ကြပါစေကြောင်း နှင့်  ဘလောဒ့်ဂါ
အပေါင်းသည်လည်း  ကျန်းမာ ချမ်းသာစွာ
( လူပျိုးကြီးများ နှင့်  အပျိုကြီး များသည်လည်း :p )
အစစ  အရာရာ အဆင်ပြေနိုင်ကြပါစေကြောင်း ဆုတောင်ရင်း
မင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံသော ဘလောဒ့်ဒေးလေးမှသည်
နောက်နောင် နှစ်များတိုင်အောင် ဆက်လက်ပြီး
ရေးသားနိုင်ကြပါစေဗျာ......................။




မှတ်ချက်
*******
နောက်ကျနေပြီမို့  မရေးတော့ပါဘူးလို့  အပျင်းထူးပြီး
မသိချင်ဟန်ဆောင် နေသူများ  ရေးသားကြပါကုန်
ဘယ်သူတွေလည်းဆိုတာ မပြောတော့ဘူးနော်
ကိုယ့်ဖာသာ သိကြပါ မရေးလို့တော့ အတွေ့ပဲဗျာ ။



အပြည့်အစုံသို့

အိုဗာစတေး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ဖုန်ထဲမှာပဲ  လူးလူး
ချောင်းနဖူးမှာပဲ  အိပ်အိပ်
ခြုံသိပ်ရာမှာပဲ  ခိုခှို
ဇာတ်နာအောင် ကျုပ်မငိုဘူး  ။

ကျုပ်ကျွမ်းမှ လန်းမည့်ပန်း
ကျုပ်အလွမ်းနဲ့ ချမ်းမည့် မြင်းမိုရ်
ဟောသည့်  ပြဿဒါးရက်ကို
ကျုပ်ကြိတ်ကြိတ်ပြီး  ချိုပြစ်လိုက်တယ် ။

ထောင်ချင်ထောင်  တန်းချင်တန်း
ငရဲထက် ကြမ်းတဲ့ ပြည်အ၀င်
မေးတင်မိတာလည်း ခဏ  ခဏ
ဒါပေမယ့်လေ  ကျုပ်တံတွေးတွေပဲ  မျိုမျိုချနေရတယ် ။


အပြည့်အစုံသို့

နှောင်း

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခရီးဖင့်နှေး
ရွာရက်ဝေးမှ
ကြူမွှေးပန်းငုံ
ရင်ငွေ့လှုံသည်
ပဇ္ဇုန် ဘယ်သို့ရှိပေမည် ။

ဝေပါ စွေရှာ
ဟို အခါက
အငြိုးချချေ
မြရည်ဖွေ လိမ်း
တမင်စိမ်း လည်း
ရာသီသိမ်းထိ စွေဖူး၏ ။

အခုတော့ဖြင့်လေ

ပန်းနှောင်း
မိုးနှောင်း
မရွာကောင်းမှ
ဒီရေတောင်းသူ
ထိုမဉ္ဇူ ခို
တိမ်ညို မပြိုသာတော့ပြီ ။



အပြည့်အစုံသို့

ဆု

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

တိမ်ညိုတွေငိုကာ မှ
စိုခွင့်ရမယ့် ဒီမြေလည်း
ကွဲအက်ခါနေပါစေတော့  ။

 ငွေကြယ်တွေ အရောင်ကြွဖို့
မှောင်ပြရတဲ့ သန်းခေါင်လို
ကောင်းကင်ညိုလို့ မငိုတော့ဘူး  ။

ပန်ခဲ့ဘူးသော  သစ္စာကြောင့်
ဆုတစ်ခုအဖြစ် မြှောက်ခဲ့ရင်
ကိုယ်တိုင်ချူဆင်ခွင့်   ရမှ
ပန်းလှလှကို  မြင်ပါရစေ ။


အပြည့်အစုံသို့

သောက တစ်ရေးနိုး

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


ကျွမ်းမြိုက်လောင်ဆူ
ရင်၌ပူ လို့ 
ကျူကျူဟစ် ကြွေး
ပိုက်ထွေးသောက
ထိုနွေညလည်း ကျန်ခဲ့ပြီ ။

ဝေ့သီမျက်ဝန်း
သောကစွန်း လို့ 
နွေကျွန်းအလည်
အလွမ်းသည် ပင် 
ဆိတ်ကွယ် သံတိုး
ဤမြူခိုးနဲ့
ခပ်တိုးတိုးသာ ဝေတော့၏ ။

မျောလွင့်ရှည်ကြာ
ရော်ရွက်ဝါ နှင့်
ဒဏ်သင့် အတူ
မျက်ရည်ပူလည်း
အက်ကွဲခန်းခြောက်
ခြေရာဖျောက်လို့
ကွယ်ပျောက်ငုံ့လျှိုး
ထိုညဆိုး မှ
သောက တစ်ရေးနိုးခဲ့ချိန် ။


အပြည့်အစုံသို့

ခင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

 ဟောဒီ မျက်ရည်စက်က
သမုဒယ လို့ဆိုခဲ့ရင်
မောင် ခေါင်းခါဖို့ မပြင်ဘူး
 ငွေကြယ်တွေ ဖူးဖို့
ညဦးက မှောင်ရရင်
အဲဒီ ရင်ပြင်က သောက
မောင်ဖွဖွလေး သိမ်းထားမယ် ။

ဘယ်တော့မှ မပြယ်သော ရနံ့
ခင်းဖြန့်ထားတဲ့ မြေလွှာ
ကြွေရဲမှ  ဝေ ပါခင် ။

လွင့်စင်သွား သော မျက်ရည်စက်
ခွင်းထွက်သွားတဲ့ နှလုံးသား
နှစ်သိပ့်ဖို့ကြိုးစား ရင်း
သမုဒယ နံနက်ခင်း မှာ
ချစ်ခြင်းတို့ ဝေခဲ့ပြီ
သစ္စာ တရားနဲ့ချည်သော ကြိုး
ခပ်တိုးတိုးလေး ရိုက်ခတ်
အဝေးဆုံးထိ ခရီးဆက်မယ်  ။


အပြည့်အစုံသို့

ပိတိလေလား သောကလား

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ငါကားထုံဘိ
နုံလိုက်သည့်ဥာဏ်
မိကိုချန်၍
ကောက်နှံ သစ်ပဲ
တစ်ကောင်တည်းမျို
မိအို ဘယ်သို့ရှိလေပြီ ။

မျက်ဝန်းညိုမှိုင်း
နားတို့ ထိုင်း၍
ခါးကိုင်း နုံချိ
ရှိပေသိ ငြား
ရင်များ လှိုက်ဆူ
ကျွန့်တွက်ပူလို့
နှုတ်ကြူသံပေး
ငါ့သားကလေး  သာပါစ  ။

မာရပါသည်
ခွန်းတုံ့သည်မှ
စီးကျရှာ သည်
ထို မျက်ရည်ကား
ပီတိ လေလား  သောကလား   ။


အပြည့်အစုံသို့

ဥဿဆိုတာ ပစ်ထားလို့မရတဲ့ နေရာ

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

အားလုံး မင်္ဂလာပါ..။ 
ညီအစ်ကို မောင်နှမများအားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ''အသက်တစ်ရာ မနေရဘူး အမှုတစ်ရာ ကြုံရတယ်'' ဆိုတဲ့ အရပ်စကားနဲ့အညီ ဒီအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ၀မ်းနည်းစရာတွေ၊ မကျေနပ်မှုတွေ၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေနဲ့ အားလုံးရဲ့ ရင်တွင်းကိုယ်စီမှာ တောက်ခေါက်သံတွေ ညံနေမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် ခေါင်းဆောင်ကောင်းတွေ မည်မျှရှိနေစေကာမူ နောက်လိုက်တွေ ညံ့ဖျင်းနေကြမယ်၊ ပညာမဲ့နေကြမယ်ဆိုရင် ကျွန်တော်တို့ စိုးရိမ်တဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ သေချာပေါက် ခံစားကြရပါလိမ့်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါင်းဆောင်နိုင်မဲ့သူတွေ ထွက်ပေါ်လာ သင့်သလောက် မထွက်ပေါ်လာဘူးဆိုရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍတွေမှာ ချို့ ယွင်းချက်တွေ လစ်ဟာမှုတွေ မပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေပြီဆိုတာကို မီးမောင်း ထိုးပြနေသလိုပါပဲ..။



အပြည့်အစုံသို့

မကြည်ပြာသို့ စာတစ်စောင်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


သတ္တ၀ါတွေ  ကျန်းမာပါစေ
ချမ်းသာပါစေ  ဆိုယုံနဲ့
မကုံလုံတဲ့  ကာလ တွေအနားမှာ
နိဗ္ဗာန်ရောက်ကြောင်း  တရားတွေက
နားဝရောက်မှ  ပြန်ပြန်ကြွ
ကလေးတွေ ထမင်းဝကြရဲ့လား   မကြည်ပြာ။ 

တော်ရာမှာနေ နေတာလား  
နေရာမှာ  တော်ရပါများတော့ 
အနွေး ဓါတ်လျော့တဲ့  ရက်များဆို
စောင်ခြုံထားပါ  မကြည်ပြာ
ဘ၀ဆိုတာ  ရေများရာရွာတဲ့မိုး။ 

တိမ်ညွှတ်ကို  မချိုးပါနဲ့
ဗေဒါတွေ  ညှိုးတဲ့ကမ်းမှာ
လေတွေသာ ဖမ်းဆုပ်
တစ်မိုးချုပ်ပြန်ပြီ  မကြည်ပြာ
သည်တစ်ခါလည်း  ရေပါမလာပြန်ဘူး။

ဘယ်လင်းတ နားနား
ကျစ်မသွားတဲ့  လက်ပံပင်
    ဟိုအရင်လိုပါဘဲ  
လက်သည်းကို ဆိတ်တာတောင်
ကျိတ်ခွင့်မရတဲ့  အံသွားက 
ကျုပ်ကို  သနားနေလိုက်တာ
ယနေ့  နေမသာဘူး   မကြည်ပြာ။


အပြည့်အစုံသို့

ကျွန်လက်သစ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:


မီးတဟုန်းဟုန်း
ဘဏ္ဍာဖြုန်းလို့
ငတုံးတို့ ပြည်
မွဲတာရှည် ၏ ။

လူတရုန်းရုန်း
အချိန်ဖြုန်း လို့
ငတုံးတို့ ပြည်
မွဲတာရှည် ၏ ။

ကျဉ် တအုန်းအုန်း
ဥာဏ်မသုံးလို့
ငတုံးတို့ ပြည်
မွဲတာရှည် ၏ ။

ကျွန်ုပ် သည်ကား
ရပ်ကျော် ရွာပစ်
ကျွန်လက်သစ်မို့
မဟစ် ဆိုချင်
ဟို ယခင်လို
သခင်မျိုးဟေ့ ဒို့ဗမာ ။


အပြည့်အစုံသို့

ခရေရိပ်

Posted by: နွေတေးရှင် (မင်းဧရာ) / Category:

ခရေရိပ်
တွေး တဆိတ်ခိုဝင်တော့
မြညှာနှော့ အသွေးညီကို
ကျွန်ရွေးကာ သီခဲ့ပါရဲ့
ရွယ်ရည်တဲ့ ခင့်ထံမှာ
လှောင်ရယ်ဟန် အသွေးငယ်ကြောင့်
ငုံ့ကာလျှောက် နောက်တဖန်
လည်ပြန်ကာ မကြည့်တော့ပါဘု
ဒီပွင့်ဦး ခရေကိုဖြင့်
ဟို ကုန်းမြင့်ထွဋ်စေတီမှာ
ခင့်ကိုရည် လှူခဲ့ပြီ မို့
ဆုံးအဖို့ သံသရာ
သူ့လိုသာ ခင် သင်းပေလိမ့်
စိုးဆိတ်မျှ မငြင်ပါဘူး
ဆုထူး ထို ပန်ခွင့်ကိုမင့်
ခါသင့်၍ ကြုံပါလျင်
တမယ် ခင်
ထာဝစဉ် ပျော်စေတော့
မြညှာနှော့ အသွေးညီ
ကျွန်ရွေးသီ ခရေကုံး ဖြင့်
နောက်ဆုံးပင့် လက်ဆယ်စုံ
ခင့် အတွက်ပုံခဲ့ပါ ရဲ့
ပျက်ရယ်ဖွဲ့  ကြမ္မာညိုစဉ်
ခရေပင် ဒီအရိပ်က တွေးစိတ် ဆုတောင်း ။
................................................................................................................................................... 
( သူကြီးမင်း ကျွန်တော် နှင့် လုံးသလိုလို ပြားသလိုလို  အောက်ပါများ )

ဟို အပေါ်က( ခရေရိပ် )ကိုရေးနေရင်း အဆုံးသတ်ရန် အတွက် အတော့်ကို ရွာလည်သွားပါတယ် 
ဘာလို့လည်းဆိုတော့ ရေးနေရင်းနဲ့  ကိုရေးနေတာ ဘယ်ထဲကို အကျုံးဝင်နေမှန်း မသိတော့ပါဘူး
ဒါကြောင့်မို့ ကျွန်တော် သူကြီးမင်းကို လှမ်းပြီး အကူအညီ တောင်းရပါတော့တယ်  အောက်မှာ ပထမ ကျွန်တော်ရေးထားတာရော သူကြီးမင်း  ပြင်လိုက်တာရော ထို လုံးသလိုလို ပြားသလိုလိုထဲကနေ ခွဲစိတ်လိုက်တာရော ကို တင်ပေးလိုက်ပါတယ်။
 
ထိုသို့ တင်ပြရခြင်းမှာ ဘာရယ်လို့ ရည်ရွယ်ခြင်းမရှိပေမယ့်လို့  စာပေ အနုပညာ ယဉ်ကျေးမှု့များနှင့် ပတ်သက်လာတဲ့အခါ ( ငါမှသိ ငါမှတတ် ငါ့အထက် ဘယ်သူမှမရှိ  ဆိုသူတွေ  )တစ်ယောက်ကိုတစ်ယောက် ရှုံ့ချနေကြခြင်းထက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းဝန်း ကူညီဖြေရှင်း ခြင်းက ပိုမိုသာလွန် ကောင်းမွန်းကြောင်းကိုသိစေ လိုယုံ သက်သက်ဖြင့်  တင်ပြရခြင်းဖြစ်ပါတယ် ခင်မျာ ။

 ............................................................................................................................................
       ( ပထမ ကျွန်တော် ရေးနေရင်း က သူကြီးမင်းထံ အကူအညီ တောင်းခံပုံ )
 
ခရေရိပ်
တွေး တဆိတ်ခိုဝင်တော့
မြညှာနှော့ အသွေးညီကို
ကျွန်ရွေးကာ  သီခဲ့ပါရဲ့  
ရွယ်ရည်တဲ့  ခင့် ထံမှာ
လှောင်ရယ်ဟန်  အသွေးငယ်ကြောင့်
ငုံ့ကာလျှောက် နောက်တစ်ဖန်
လည်ပြန်ကာ မကြည့်တော့ပါဘု
ဒီပွင့်ဦး  ခရေကိုဖြင့်
ဟိုကုန်းမြင့် ထွဋ်စေတီမှာ
ခင့် ကိုရည် လှူခဲ့ပြီ မို့
ဆုံးအဖို့ သံသရာ
သူ့ လိုသာ ခင် မွှေးပေလိမ့်
စိုးဆိတ်မျှမငြင်ပါဘူး
ဆုထူးထို ပန်ခွင့်ကိုမင့်
ခါသင့်၍ ကြုံပါ လျှင်
တမယ် ခင်
ထာဝစဉ် ပြုံးစေတော့
မြညှာနှော့ အသွေးညီ
ကျွန်ရွေးသီ  ခရေကုံးဖြင့်
နောက်ဆုံးပင့် လက်ဆယ်စုံကို
ခင့် အတွက် ပုံခဲ့ပါရဲ့   လေး......။
အထက်ပါ ကဗျာ လိုလို ဘာလိုလိုက ဘယ်စရင်း ဝင်နေမှန်းမသိဘူးဗျာ  နောက်ပြီး  တစ်ပိုဒ်ချင်းစီမှာ  ပုဒ်မ  ချသင့် မချသင့်  ပေါ့   ကဗျာ ရဲ့    အဆုံးသတ်ပုံလေးကိုလည်း  သုံးသပ်ပေးပါဦး ပြင်သင့်ရင်လည်း  ပြင်ပေးပါ သူကြီးမင်းရေ ။

........................................................................................................................................
( သူကြီးမင်း ကျွန်တော့် ထံသို့ ပြန်ပို့ပုံ )
 
 
မောင်မင်းဧရာရဲ့ ကဗျာကို နာမည်ပေးလို့ မရပေမဲ့ (သူကြီးမင်းကိုယ်တိုင် ကဗျာဖွဲ့နည်း မစုံတာလဲ ဖြစ်နိုင်ပါတယ်) ဖတ်လို့ အတော်လေး ကောင်းပါတယ်။
တစ်ခါတစ်လေမှာ စည်းနဲ့ ဘောင်နဲ့ ရေးရလုပ်ရတာထက် ဖရီးကစ်တွေက ပိုကောင်းနေတတ်တယ်။ ဒါကြောင့်လဲ ကဗျာလွတ်အကဆိုတဲ့ အကတစ်မျိုး ပေါ်လာတာ ဖြစ်မယ်။း)
မောင်မင်းဧရာရဲ့ ကဗျာက
ကွန်းထောက် နဲ့ ဆင်သလိုလို
ဒွေးချိုးနဲ့ တူသလိုလို
တြိချိုးနဲ့ နီးစပ်သလိုလို
လေးချိုးစတိုင်လ်လိုလို
 အဆုံးမှာတော့ တေးထပ်လိုလို။
အားလုံးကို ရောသမ မွှေထားသလိုလိုဘဲ။ ဖတ်လို့ တကယ်ကောင်းပါတယ်။ ဒီလို အရှိအတိုင်း ဘလော့ပေါ် တင်လိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
စာပိုဒ်ခွဲရင်တော့ ပုဒ်မ ချတာ ပိုကောင်းမယ် ထင်ပါတယ်။
အခု ကမင်းဧရာရဲ့ ကဗျာက စာပိုဒ်မခွဲလဲ ကာရန်တွေ ချိတ်မိနေတဲ့အတွက် အဆင်ပြေပါတယ်။
ခွဲရင်ချ မခွဲရင် မချရုံပေါ့။
သူကြီးမင်း နဲနဲလောက် ကမင်းဧရာရဲ့ ကဗျာကို ခွဲထုတ် စိတ်ဖြာကြည့်လိုက်တယ်။
တြိချိုး သုံးမျိုး ထွက်သွားတယ်။
ဖတ်လို့တော့ မကောင်းသလိုလိုဘဲ။
ကမင်းဧရာ မြည်းကြည့်ဦးပေါ့။
....



ခရေရိပ်
တွေးတဆိတ် ခိုကာဝင်ပြန်တော့
မြညှာနှော့ အသွေးညီ
ကျွန်ရွေးကာသီ။

ရွယ်တဲ့ခင့်ဆီ
လှောင်ရီဟန် ငယ်သွေး။
ငုံ့ကာလျှောက် နောက်တဖန်မှာ
ခေါက်လှန်ကာ လျှောက်ပြန်ချင်ပါဘု
လွမ်းသူ့ရယ် ဆွေး။
..............
ဒီပွင့်ဦး ပန်းခရေကို
နန်းစေတီ ကုန်းအမြင့်မှာ
လှူဒါန်းခဲ့တာ။
မွှေးနံ့သာ
သင်းရှာမှာ ကျိတ်တွေး။
ခင့်ကိုရည် လှူခဲ့သည်မို့
တုမဲ့တဲ့ ဆင်းရနံ့ရယ်
သင်းပျံ့ကာ မွှေး။
............

စိုးစိတ်မျှ ငြင်ပါဘူး
ဆုထူးပန်ခွင့်ကိုမင့်
ခါသင့်၍ ကြုံပါလျှင်
တောင်းဆုပြုချင်။
တမယ်ခင်
ထာဝစဉ်ပြုံးစေတော့
မြညှာနှော့ အသွေး။
ကျွန်ရေးသီ ခရေကုံးဖြင့်
နောက်ဆုံးပင့် လက်အစုံကို
ခင့်အတွက် ပုံခဲ့ပါရဲ့
ယုံကွဲ့ ခင်လေး။
  


အထက်မှာ ဆိုခဲ့သလိုမျိုး တစ်ယောက်ကိုတစ်ယောက် ဖေးမ မှု့မထားကြပါဘဲ ငါမှသိ ငါမှတတ် ငါ့အထက် ဘယ်သူမှ မရှိဆိုတဲ့ အတွေးတွေ နဲ့များ ခင်ဗျားတို့က  မြန်မာ့ စာပေ လောကကြီးကို တိုးတတ်အောင် လုပ်မည်လေး ဘာလေးနဲ့  ဘုန်းကြီး နှင့် ဘီး နီးပြီးဆိုသလိုပါဘဲ သိပ်ဝေးလှတယ် မထင်ပါဘူး ။

 ( သူကြီးမင်း `၏ ခွင့်ပြုချက် မရယူမိဘဲ သူ့ဆီမှ ပြန်ပို့ထားသော mail အတိုင်း တင်ပြမှု့လေးတွေကို တော့ တောင်းပန်ပါတယ် သူကြီးရေ )။





အပြည့်အစုံသို့