ရေကြည်လည်း ခန်း
လူလည်းနွမ်း ၍
ခြေလှမ်းယဲ့ ပြို
နေလည်းညိုပြီ
ငို...ရယ်...မဲ့...ပြုံး
ခရီးသုံး တန်
ဒုတိယံ ၌
ဦးစိုက်ကန်ရုန်း
နွားတို့ရှုံးရာ
ပုံပမာချ
ကာလက မှောင်
ခွက်ပြောင်သလင်း
လူ့အတင်းက
မလှဆိုး နိုး
ခိုနိုး မရှိ
မျက်စေ့နှင့် ကြား
နားများက မြင်
အရွတ်ထင်ကျန်
ရင်ကိုလှန်သော စာမျက်နှာ
နောင်ခါဘယ်သို့
လေးတစ်ညှို့မျှ
တွေးစမမျှော်
ကြွေသော်မြေသက်
ထိုရက်မတိုင်
တက်ကို ကိုင်၍
ဦးဆိုင်ထိုးခွင်း
ခရီးပြင်းသော သမုဒ္ဒရာ။
28 January 2013 at 03:24
ကျွန်တော်လည်း မြန်မာကဗျာတွေရေးဖူးတယ်အစ်ကို..။
မြန်မာကဗျာရေးသူတွေ ရှားပါးနေတဲ့အချိန်မှာ..။
အစ်ကို့ဘလော့ကို မြင်လိုက်ရတော့. တော်တော်ပျော်သွား
မိတယ်.။ သဘောကျတယ်အစ်ကို..
ထိုက်ထိုက်တန်တန်.. လင့်ခ်လေးပြန်ယူသွားပါတယ်.:))
28 January 2013 at 03:47
သာမက်လေးရေ ဘူတွေပြောတာပြန်ကြားနေလဲ
ခွင့်လွတ်ခြင်းသည် အောင်မြင်ခြင်းပါတဲ့နော်
ပထမဆုံးအပိုဒ်လေးကလှလိုက်တာနော်
( ရေကြည်လည်း ခန်း
လူလည်းနွမ်း ၍
ခြေလှမ်းယဲ့ ပြို
နေလည်းညိုပြီ)
မြန်မာကဗျာစစ်စစ် အရသာလေးခံစားခဲ့ရင်းပေါ့
သာမက်ရေ
ဖိုက်တင်း--အာဂျား(ကိုးရီးယားစတိုင်အားပေးလခဲ့တာ)
28 January 2013 at 04:58
ကဗျာဖတ်ပြီး တရားရတယ် ဦးကြံသကာ...
ပုံ
ကြားလုံး
28 January 2013 at 05:23
ဝိုးးးး
ဒါမှ ဒို့အကိုမင်းဧရာကွ
တကယ့်အနှစ်တွေပဲ
အစပုဒ်လေး တကယ်လှတယ်ဗျာ :)))
28 January 2013 at 06:34
အလိုလေးလေး....နွားတောင်အရှုံးပေးရသတဲ့လား....၊
ဟုတ်ပါ့....ဖိုးသားလေးကဗျာဖတ်ရမှ ကွကိုပြန်သတိထား
မိ....တစ်နေ့တစ်နေ့ ခန္ဓာဝန်ကြီးကို တပင်တပန်းမွေးနေ
ရတာ နွားများတောင်အရှုံးပေးရလောက်တယ်...၊နွားကမှ
စားမြုံ့ပြန်ချိန်ရသေး...၊ကိုယ်တွေမှာတော့ လဒမြိုမြိုနေရ
တဲ့ဘဝ....စားမြုံတောင်မပြန်အား..... ၊
28 January 2013 at 07:00
ကဗျာဆရာကလည်း လွှတ်ကောင်း
မောင်ညိမ်းရဲ့ ကွန်မန့်လည်း လွှတ်ကောင်း
စပ်တတ်ကြ ရေးတတ်ကြသူတွေထဲမှာ
အားတွေကျရင်း .....
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
28 January 2013 at 23:54
“ မလှဆိုး နိုး
ခိုနိုးမရှိ ”
ဖတ်ရင်းနဲ့ ဝေသွားတယ် ဧရာရေ...ဆိုလိုရင်းကို ဖမ်းလို့မမိဘူး ဖြစ်သွားလို့...
ပြောချင်တာက...
မလှဆိုးနိုး...ခိုးနိုးမရှိ များ ဖြစ်မလား မသိဘူး...အညာမှာတော့ မရှိခိုးနိုး...မလှစုန်းယိုး ဆိုတဲ့စာသားလည်း ရှိတာကိုး...
နက်နက်နဲနဲကိုရေးထားတာတွေ့တော့ သဘောကျလိုက်ပါဘိ...ဆက်သာချ ဧရာရေ...ဒဂုန်တာရာရဲ့ ၀ထ္ထုခေါင်းစဉ်အတိုင်း “ တို့ခေတ်ကို ရောက်ရမည်မလွဲပါ ” ပေါ့...
31 January 2013 at 05:06
ရေးချင်တာကတော့ ဆရာပြောတဲ့ အတိုင်းဆရာရေ...
အသုံးအနှုန်းလေးတွေက တစ်ရွာနဲ့ တစ်ရွာ မတူလေတော့
နားလည်နိုင်မယ်ထင်သလိုလေး ရေးထားလိုက်တာ တစ်ချို့ကိုတော့ ပြင်လိုက်ပါပြီဗျာ ကျေးဇူးဆရာရေ....။
1 February 2013 at 17:37
ကဗျာဖတ်ရင်း မောလိုက်ပါဘိ မောင်မင်းဧရာ။
အာဟာရပြတ်ပြီး စိတ်ဓါတ်တွေကျကာ တုန်ရီရီမနိုင့်တနိုင် လက်ကလေးနဲ့ ရေးထားခဲ့တဲ့ ကဗျာမျိုးလို့ ခံစားမိလိုက်လို့ပါ။ ကဗျာဆရာကတော့ ဘယ်လို ခံစားရေးသည်မသိ။း)
9 February 2013 at 07:41
လူတိုင်းက ခရီးသွားနေကြတဲ့
ခရီးသည်တွေကြီးပါဘဲ..
ကဗျာလေးတွေ ကောင်းတယ်အကိုရေ
12 February 2013 at 00:46
ခရီးသွားဆိုတော့နည်းနည်းတော့အပင်ပန်းတော့ခံရတာပေါ့ညီ။ဘာပဲဖြစ်ဖြစ်အားမလျှော့ဖို့ပဲပေါ့။အရင်ကရေးလက်နဲ့အခုတော်တော်ကွာလာတာကိုသတိထားမိတယ်ညီလေး။တော်တော်လက်တက်လာပြီ။
5 June 2013 at 08:27
ကြွေသော်မြေသက်
ထိုရက်မတိုင်
တက်ကို ကိုင်၍
ဦးဆိုင်ထိုးခွင်း
ခရီးပြင်းသော သမုဒ္ဒရာ။ ခရီးသည် ဆိုတော့ နက်ဖြန် ကြွေမယ်ဆိုရင်တောင်..ဒီနေ့ အထိ ခရီး နှင်ကြရအုံးမှာနော်...။